Dec 03 2009

သူတို့ အသုံး

Published by eternal under သိဖွယ်

Image Hosted by ImageShack.us
○k ….. နင်တို့တစ်နေ့တုန်းက ၀တ် ဖို့ဆင်ဖို့ပေးလိုက်တာ ဘယ်မှာလဲ။
◇f…… ဘုရားကျွန်မများ ညီတော်အာနန္ဒာကို လှူလိုက်ပါတယ်။
○k ….. ညီတော်အာနန္ဒာ တစ်ပါးတည်းရယ်၊ မောင်းမငါးရာ ၀တ်ဖို့ ပုဆိုးအစုံငါးရာဆိုတော့ များလွန်းတယ်၊ သူအလှူခံတာများလွန်းတယ်။
…………………………………………………
○k ….. အရှင်ဘုရား၊ သာမာဝတီတို့ကပြောတယ်၊ ပုဆိုးအစုံငါးရာလှူတယ် ဆိုပါတယ်၊ အရှင်ဘုရားက တစ်ပါးတည်းပါ့လား။
△a …. ငါကတော့ တစ်ပါးတည်းပဲ၊ သို့သော် အ၀တ်သင်္ကန်း ဆွေးမြေ့နေတဲ့ တစ်ခြားသံဃာတွေ အများကြီးရှိတယ်၊ သူတို့ကို လှူလိုက်ရတယ်။
○k ….. ဒါဖြင့် အရင်တုန်းက သင်္ကန်းတွေ ဘယ်ရောက်သွားသလဲ။
△a ….. အဲဒါတွေက ဆွေးမြေ့နေပြီ၊ လဲရမယ်။
○k ….. လဲလိုက်တဲ့ သင်္ကန်းကကော။
△a ….. အဲဒါက အိပ်ရာခင်းပြုရတယ်။
○k …… အရင်က အိပ်ရာခင်းက ဘယ်ရောက်သွားသလဲ။
△a ….. ဆွေးမြေ့နေပြီ၊ အချည်းနှီးမဖြစ်ရအောင် ခြေသုတ်ကြိုးဝန်းလုပ်ရတယ်။ (ခြေသုတ်ကြိုးဝန်း။ ။ သင်္ကန်းစုတ်တွေကို ဆုတ်ဖြဲပြီး ကြိုးလုပ်၊ အခွေကြီးခွေပြီး ကျောင်းအတက်အဆင်းမှာ ထားရတယ်၊ အဲဒီနေရာမှာ ခြေသုတ်ရတယ်၊ မြူတွေ ဘာတွေနဲ့တက်လာရင် ကျောင်းရဲ့ ကြမ်းတွေ ပေမှာစိုးလို့ ပျက်စီးမှာစိုးလို့၊ မပျက်စီးရအောင် ဒါကိုလုပ်ရတာ)
○k ….. ဒါဖြ င့် အ ရင်က ခြေသုတ်ကြိုးဝန်းကရော ဘုရား။
△a ….. အရင်က ခြေသုတ် ကြိုးဝန်းက ဆွေးမြေ့ကုန်ပြီ၊ တောက်တောက်စဉ်းပြီးတော့ မြေကြီးနဲ့နယ်ပြီး ထရံကိုလိမ်းကျံရတယ်၊ အင်္ဂတေမရှိတော့ အခုလိုပဲ ရွှံနဲ့မံရတယ်၊ သည်အတိုင်းထားတော့ ကြာကြာမခံဘဲ ကွဲတယ်၊ အက်တယ်၊ အခုလို သင်္ကန်းစုတ်နဲ့ တွဲတော့ မအက်ဘူး၊ မြဲမြဲခိုင်အောင် သည်လို လုပ်ရတယ်။
○k …… အသုံးအင်မတန် စေ့စပ်လှပါကလား။
ဓမ္မာစရိယ ဦးဌေးလှိုင်- ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး၏ အကာလိကတရားတော်များ (နှာ ၁၁၀-၁၁၂)

No responses yet

Nov 30 2009

ဘ၀သစ္စာ

Published by eternal under သိဖွယ်

Image Hosted by ImageShack.us
နိဗ္ဗာန်ဟူသော ပရမတ္တသဘာဝကို သိမြင်သော သစ္စာတရားကို ရရှိရေးသည် ဗုဒ္ဓဒဿန၏ အဆုံးစွန်သော ပန်းတိုင်ဖြစ်၏။ ထိုပန်းတို င်သို့ ရောက်ရေးအတွက် မျှော်လင့်ကြိုးပမ်းနေခြင်းသည် အဓိပ္ပါယ်အရှိဆုံး ကြိုးပမ်းချက်ဖြစ်၏။ ထိုမျှော်လင့်ချက်ဖြ င့် ကြိုးပမ်းလျက် အသက်ရှင်နေခြင်းသည် အဓိပ္ပါယ်အရှိဆုံးသော အသက်ရှင်နေခြင်းဖြစ်၏။ ထို့ပြင် နိဗ္ဗာန်ဟူသော ပရမတ္တသဘာဝကို သိမြင်သောဘ၀၊ ရရှိသောဘ၀သည် အနှစ်သာရအရှိဆုံး၊ တန်ဖိုးအရှိဆုံးဘ၀ဖြစ်၏။
နန္ဒာသိန်းဇံ- ဘ၀အဓိပ္ပါယ်နှင့် ဘ၀သစ္စာ (ဒသမအကြိမ်)
နှာ-၁၉၄

No responses yet

Jun 13 2009

နှုတ်ဆက်ခြင်း

Published by eternal under အထွေထွေ

မြန်မာပြည်ပြန်ရပါမည်၊ အင်တာနက်စာမျက်နှာတွင် စာများထပ်မံရေးနိုင်တော့မည်မထင်ပါ၊ ကျေးဇူးတင်ထိုက်သော မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါသည်၊ အားလုံးပဲ လိမ္မာသော အသိရ၍ ဖြူစင်သော စိတ်ထားပိုင်ရှင်များ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း နှုတ်ဆက်ပါသည်။
လေးစားစွာဖြင့်
ငြိမ်းလွင် (၁၃၇၁ခု၊ နယုန်လဆုတ်-၆ရက်)

Image Hosted by ImageShack.us
ဆရာကြီးဦးဘခင်၏ website မှရခဲ့ခြင်းဖြစ်မည်ထင်ပါသည်။ ကြာခဲ့ပြီဖြစ်သဖြင့် မမှတ်မိပါ။ ကြည်ညိုတတ်ပါစေ။

2 responses so far

Jun 07 2009

မှတ်သားထားသောစကားများ၊ စာများ (၆)

(၁)- “မွေးလာသော ယောကျာ်း၏ ပါးစပ်ထဲ၌ ဓားမကြီးတစ်လက်ပါလာ၏။ ယင်းဓားမကြီးဖြင့် လူမိုက်သည် မကောင်းပြောလျက် မိမိကိုယ်ကို မိမိ ပိုင်းဖြတ်တတ်၏”
Image Hosted by ImageShack.us
(ဂေါတမမြတ်စွာဘုရား)

.
(၂)- “ဒီနေရာမှာခံနိုင်ရင်ခံ၊ မခံနိုင်ရင် လန်ရော၊ ဒါကျော်မှ ငါသာဓုခေါ်မည်”
Image Hosted by ImageShack.us
(စွန်းလွန်းဆရာတော်ဘုရားကြီး ဦးက၀ိ)
(၃)- “ဒကာသိန်းအောင်…. အဘိညာဉ် တန်ခိုးဆိုတာ အဟုတ်မရှိဘူး၊ သမာဓိအင်အားကိုယူလျက် ဥာဏ်ကရအောင် လုပ်ပေးရတာ၊ မဂ်တရားဆိုတာ အဟုတ်ရှိတဲ့ သဘောတရား၊ လမ်းမှန်သွားလျှင် မဂ်ကိုတွေ့မှာပေါ့၊ အဟုတ်ရှိတာကိုး။ မရှိတာကို အရှိဖြစ်အောင်လုပ်ရခြင်းနှင့် အရှိကို ရောက်အောင်သွားရခြင်းနှစ်မျိုးတွင် မရှိတာကို ရှိအောင်လုပ်ရခြင်းက ပိုမိုခက်လှသည်”
(စွန်းလွန်းဆရာတော်ဘုရားကြီးဦးက၀ိ)

.
(၄)- “သူများနေရာမကျတာကို လျှောက်မပြောနဲ့၊ ကိုယ်နေရာ ကျတာမကျတာသိရင်တော်ပြီ။ နေရာမကျတာကို နေရာမကျဘူးလို့ သိရင် နေရာကျပြီဗျာ့။ နေရာလဲ မကျဘဲနဲ့ နေရာကျတယ် ထင်နေတာကတော့ နည်းနည်းလေးမှ မျှော်လင့်စရာမရှိဘူးဗျာ့ ”
Image Hosted by ImageShack.us
(ဝေဘူဆရာတော်ဘုရားကြီး ဦးကုမာရ)

.
(၅)- “အင်း……၊ မိဘဆရာသမားတို့၏ တာဝန်ကား ကျေကြပေပြီ။ ကျေးဇူးကြီးမားလှပါပေသည်။ သေခြင်းတရားသည်လည်း နာရီမဆိုင်း သေနိုင်၏။ ၀ိပဿနာတရားမှ တစ်ပါး အားထားစရာမရှိ၊ တရားထူးမရသမျှ မည်သည့် အကြောင်းကြောင့်မျှ နေရာသစ် မပြောင်းရွှေ့တော့ပြီ။ ဤနေရာသည်ပင် ငါ၏ သင်္ချိုင်းဖြစ်စေတော့”
Image Hosted by ImageShack.us
(မိုးညှင်းဆရာတော်ဘုရားကြီး ဦးသုမန)

.
(၆)- “ဦးပဉ္စင်းကလေး စာတတ်ချင်သလား၊ စာတတ်ချင်ရင် ကထာဝတ္ထု အဋ္ဌကထာကို နိုင်နင်းအောင် သင်ကြားပါ”
(ယောအတွင်းဝန်ဦးဖိုးလှိုင်>>>လယ်တီဆရာတော်)

.
(၇)- “ဓမ္မစိန္တနံ- ဓမ္မသက်သက်၊ ရှေ့နောက်ဆက်၍၊ ဖြစ်ပျက်နေဟန်၊ ကြောင်းကျိုးမှန်ကို၊ ဖန်ဖန်ခွဲဝေ၊ ကြံစည်၍ နေရခြင်းသည်၊ အဟောနော- ကိုယ့်သန္တာန်တွင်း၊ ဥာဏ်ရောင်လင်း၍၊ ရှင်းကာရှင်းကာ၊ သြော်…အားရဖွယ်ကြီးပါတကား”
Image Hosted by ImageShack.us
(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး- အခြေပြုပဋ္ဌာန်းတရားတော်)

.
(၈)- “ကိုယ့်ကိုကိုယ် သနားကြပါတော့၊ ကိုယ့်အလုပ်ကိုယ် လုပ်ကြပါတော့၊ ကိုယ့်လမ်းကိုယ် ရွေးကြပါတော့…”
(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

No responses yet

May 31 2009

ဗောဓိမြိုင်ဓမ္မရသစာစု(၂)-လူလိုနေ လူလိုသေဖို့

လူ့ပြည်သို့သက် ရည်ရွယ်ချက် အမြတ်ထွက်ဖို့ကို။
ကောင်းချိန်တစ်ဝက် မြတ်မထွက် ရှေ့ဆက်အရှုံးပို။
ကိုယ့်ဖို့မရှာ သူ့ဖို့ရှာ ရှုံးရာ ကြွေးလိုက်သလို။
ကိုယ့်ဖို့ရှာရင်း သူပါပင်း လက်ငင်းစွန်းထွက်ပို။
ကိုယ်ကောင်းလည်းသိ သူကောင်းကြည့် ပေါင်းမိကြစေလို။

*** ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး***
လူလိုနေ လူလိုသေဖို့
ခွဲခြမ်းသိ သိစေတတ်သော ဥာဏ်သည် လူသဏ္ဍာန်မှာသာ တည်ရှိလေရာ ထိုအသိ ထိထိမိမိ အသုံးချတတ်ဖို့လိုသည်။ ငါးသည် မြှံးလည်း မရက်တတ်၊ မြှံးမှလည်းမထွက်တတ်၊ လူသည်ကား မြှံးလည်းရက်၊ မြှံးမှလည်း ထွက်တတ်၏။ ထိုမျှ လူနှင့်တိရိစ္ဆာန် အသိဥာဏ်ချင်း ကွာခြားနေချေရာ လူသည်ကြိုက်လျှင်လိုက်၊ မကြိုက်လျှင်တိုက်၊ မသိခိုက်ဖြင့် မလုံလောက်၊ သဘောကျလျှင် အကောင်း၊ သဘောမကျ အဆိုး၊ ထိုအသိမျိုးဖြင့်လည်း မလုံလောက်။
-နွားလှည်းသွားရာ ဦးစီးပါမှ အရာရောက်ပမာ၊
-ကိုယ်ခန္ဓာသွားရာ အသိပါမှ အရာရောက်မည်ကိုဆင်ခြင်၍
-ငါးထားရာအရှိ ငါးသွားရာကြည့်မှ မိသည်ပမာ
-ခန္ဓာအရှိ ခန္ဓာလှုပ်ရှားဆဲကြည့်မှ မိမည်ကိုဆင်ခြင်၍
သွားသွား၊စားစား၊နားနားနေနေ ကိုယ့်ခန္ဓာတွင် ကိုယ့်စိတ်သွင်း ကိုယ့်အဖြစ် ကိုယ့်သနစ် စစ်ဆေးရင်းဖြင့် သွားလာနေထိုင်တတ်ကြရာ၏။ ထိုသို့သာ နေထိုင်တတ်လာသော်- မသေခင် ကံအကျိုးပေး ခံစားနေရာ၌ အကောင်းအဆိုး အကြောင်းအကျိုး ခွဲခြမ်း သိ-သိ သိနေတော့ပြီ၊ အကျိုးမဲ့ အပြစ်ရှိကို လက်လွှတ်၍ အကျိုးရှိ အပြစ်မဲ့ကိုချည်း ရွေးချယ်ပြုကျင့်နေရော့မည်။ သေခါကာလ၌လည်း လက်တွင်းမိ သတိအသိများက စိတ်ကို ရှေ့ရောက်နောက်ပြန်လည်း မခံ၊ သူတကာထံ၌လည်း အလည်သွားခွင့်မပြု၊ ပစ္စုပ္ပန်တည့်တည့်ရှိ မိမိခန္ဓာ၌သာ ရှုသိခွင့်ပေးထားရကား တွေးမှဖြစ်သော ကိလေသာ၊ ပြေးမှလိုက်သော ကိလေသာတို့ မ၀င်လာဘဲဖြစ်ပျက်မြင် လူစိတ်သက်သက်ဖြင့်သာ အသေဆုံးပေရော့မည်။ ထိုနေခြင်းသည်သာ အကြွေးကင်းသော နေနည်းတည်း။ ထိုသေခြင်းသည်သာ ကိုယ်ပိုင်ဘ၀ မဆုံးရှုံးစေသော သေနည်းတည်း။ ။

No responses yet

May 28 2009

ဗောဓိမြိုင်ဓမ္မရသစာစု(၂) - လူစာနှင့်ဘုံစာ

ရိုသေလေးစားရသော ဆရာတော်များအနက် ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးလည်း တစ်ပါးအပါအ၀င်ဖြစ်ပါသည်။ မဟာဗောဓိမြိုင်ဆရာတော်ကြီး ရေးသားသော စာအုပ်များရှိသည်ဟု ကြားသော်လည်း လက်လှမ်းမမီသဖြင့် မဖတ်ရပါ။ ဆရာမောင်သွေးချွန် (စုစည်းတင်ပြသော) အမေနှင့်မမေ့တရားဟူသည့် စာအုပ်ပါးလေးမျှသာ ဖတ်ခွင့်ရသည်။ လွန်ခဲ့သောရက်အနည်းငယ်က ဘာသာရေးစာအုပ်များလိုက်လံစုစည်းရင်း- ဆရာတော်ကြီးအား လေးစားကြည်ညိုမှုကို အကြောင်းခံ၍ ထုတ်ဝေသော ဗောဓိမြိုင်ဓမ္မရသစာစု(၂) ဆိုသည့် စာအုပ်ကို တွေ့လိုက်ရသည်။ လှိုက်ကနဲ ၀မ်းသာသွားရတာ အမှန်ပါပဲ။ မြည်းစမ်းပြီး ဖတ်ကြည့်ရာ အလေးပြုမှတ်သားစရာများကို တွေ့ရသည်။ စိတ်ဝင်စားသူများအတွက် သင့်တင့်သည်တို့ကို ထုတ်နှုတ်၍ ထပ်ဆင့်တင်ပြပေးလိုက်ပါသည်။
………………………………………………………………………
ငါးဖြာအာရုံ လွှင့်ထူခြင်းနှင့်
ပင့်ကူမင်းရဲ့မာယာကွန်။
ကစားစရာအဖုံဖုံ အသင့်ယူသွင်းလို့
အကျင့်တူချင်းမို့ အစာမွှန်။
ကိုယ်ချင်းထိ ခြေလက်လွန်
နယ်ကျွံပေါ့ကွယ် ရာအခင်း။
အကြိုက်ငဲ့ဆုံ
စရိုက်ပုံ အပြစ်ထူမိသည်ကြောင့်
အပြစ်တူ အယူခံမရတယ်
ကျကြတော့ အိမ်ထောင့်အတွင်း။

Image Hosted by ImageShack.us
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
…………………………………………………………………………….
လူစာနဲ့ဘုံစာ
သတ္တ၀ါအားလုံးတို့သည်ကား အာရုံငါးဖြာ ကာမအရသာကို မိမိတို့ ဘ၀ပေးဓမ္မတာအရခံစားနေကြရသည်သာ။ စိတ်သည် ကာမသို့အာရုံစိုက် မကောင်းမှု၌သာ မွေ့လျော်တတ်သောကြောင့် ကာမအာရုံကြား ဓမ္မအာရုံထားလျက်က ဓမ္မရသဘက် နှစ်သက်စွာ ခံစားခွင့်ကား လူတစ်ဦးတည်းသာ။ စိတ်ကို မှန်ရာလှည့်-မှန်စွာသိ သိခြင်း လူ၌ ထင်လင်းရှိသောကြောင့် ယနေ့အသင်လူသားစိတ် - ကာမအရသာနှင့်ဓမ္မအရသာမည်သည့်ဘက်ခွာနေသနည်း။ အကယ်တိတိ- ကာမစိတ် လက်သပ်မွေး၊ ကာမကိုချည်း သင်လွေးနေသော် ခွေးမစင် လူထမင်းသည်မျှသာ ကွာခြားခြင်းရှိပြီး သင်ကား လူ့ပြည်ဆင်း ဘုံစာဖြင့် တင်းတိမ်နေခြင်းတည်း။ ။

No responses yet

May 27 2009

မင်းကွန်းဆရာတော်ဘုရားကြီး-ဘ၀ချမ်းသာရေးလမ်းစဉ်

အဘိဓဇမဟာရဋ္ဌဂုရု တိပိဋ္ဋကဓရ ဓမ္မဘဏ္ဍာဂါရိက
အရှင်ဝိစိတ္တသာရာဘိဝံသဆရာတော်

Image Hosted by ImageShack.us
ဘ၀ချမ်းသာရေးလမ်းစဉ်
၁။ နေ့စဉ်ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့စဉ်းစားပါ။
၂။ လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။
၃။ မည်သူတရားပျက်ပျက် သင်မပျက်ပါစေနဲ့၊ သတိထားပါ။
၎။ သင့်ကို အကြောင်းပြုပြီး သူများစိတ်မဆင်းရဲပါစေနဲ့။
၅။ မိဘကို စားနိုင်တဲ့အခါမှာ ကျွေးပါ၊ သေမှ ငိုမနေပါနဲ့။
၆။ သူများအပြစ်ကို မပြောပါနဲ့၊ ကိုယ့်အပြစ်ကိုသာ ရှုပါ။
၇။ ဗြဟ္မစိုရ်တရားအမြဲပွားများ၍ ကိုယ်တွင်းသီလတရားမြဲပါစေ။
၈။ အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။
၉။ ကြီးသူကို ရိုသေပါ၊ ရွယ်တူကိုလေးစားပါ၊ ငယ်သူကိုသနားပါ။
၁၀။ မစူးမစမ်းမဆင်ခြင်ပဲမပြောပါနဲ့၊ မလုပ်ပါနဲ့၊ အမြဲသတိထားပါ။
၁၁။ နေရာတိုင်းမှာ စိတ်သဘောကြီးကြီးထားပါ။
၁၂။ နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။
၁၃။ စကားပြောသောအခါ မျှမျှတတပြောဆိုပါ။
၁၄။ မိမိကိုယ်ကို နေ့စဉ်စစ်ဆေးနိုင်မှ ကြီးပွားနိုင်သည်။
၁၅။ မကောင်းတဲ့ အကုသိုလ် စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။
၁၆။ သူများကြီးပွားချမ်းသာတာကို မနာလိုမရှုစိမ့် မရှိပါစေနဲ့။
၁၇။ နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။
၁၈။ မိမိကိုယ်ကို ဆုံးမခြင်းက သာလွန်၍ ကောင်းသည်။
၁၉။ မာနကိုနှိမ့်ချ၊ လူ၏ တန်ဖိုးကိုမြှင့်တင်ပါ။
၂၀။ အရာရာမှာ စေတနာသန့်သန့်နှင့် စိတ်ကောင်းတစ်ခုထားပါ။
(မွန်မြတ်သော ၀ိပဿနာတရားကို အားထုတ်ဖြစ်အောင် ကြိုးစားပါ။)

No responses yet

Apr 29 2009

မိုးကုတ်ဆရာတော်ဘုရားကြီး-၂၂

ကျောင်းဒကာဦးကျော်သိန်းသည် ထေရာသနစံကျောင်းပေါ်မှ ခပ်သုတ်သုတ်ဆင်းလာပြီး မြန်အောင်ဦးတင်၊ ကျားပျံဦးသန်းမောင်၊ အမရပူရဦးကြွယ်တို့ရှိရာ ဇရပ်ဆီသို့ ဦးတည်လှမ်းသွားလေသည်။ ဒကာရင်းများစုစည်းမိပြီး ဆရာတော့်ကျန်းမာရေးအခြေအနေ ဆွေးနွေးကြရာ ဆရာဝန်အမြန်ပင့်ရေးအတွက် သဘောညီကြသည်။ သို့ဖြင့် ဦးကျော်သိန်းမှာ ဆရာတော့်အား အကျိုးအကြောင်း လျှောက်တင်ရန် စံကျောင်းတော်ဖက်ဆီ ပြန်၍ လှမ်းခဲ့ရပြန်သည်၊ ကျောင်းပေါ်တက်သော် ဇနီးသည် ဒေါ်တင်လှ ဆက်ကပ်သော စွပ်ပြုတ်ဘုဉ်းပေးနေသည်ကို တွေ့ရသဖြင့် အသာပြန်ထွက်ခဲ့သည်။ ထို့နောက် အဖော်နှစ်ယောက်ကိုခေါ်၍ ဆရာဝန်ပင့်ရန် မန္တလေးသို့ အလျင်အမြန် သွားလေတော့သည်။
…………………………………………………
Get Your Own Player!
………………………………………………….
စွပ်ပြုတ်ဘုဉ်းပေးပြီးနောက် အနီးသို့ရောက်လာကြသော ကျောင်းအမဒေါ်တင်လှနှင့် ယောဂီတစ်စုတို့အား တရားနှင့်စပ်သော သြ၀ါဒစကား မြွက်ကြားနေစဉ်၊ ဆရာတော်ကြီးမှာ ဖိစီးနှိပ်စက်သောဝေဒနာ ရုတ်တရက်ပေါ်လာလေသည်၊ မသက်သာသော အမူအရာများ ပြနေသည်။ ဒေါ်တင်လှက ကျောင်းပေါ်မှ ခပ်သုတ်သုတ်ဆင်းပြေးပြီး အကြောင်းကြားသဖြင့် ဦးသန်းမောင်တို့အပါအ၀င် ချက်ချင်းရောက်လာကြသည်။ ဆရာတော်က ဦးသန်းမောင်ကို လှမ်းကြည့်ပြီး- “ဦးသန်းမောင်….၀မ်းချူပေးစမ်းဗျာ၊ ခန္ဓာဝန်ကြီးက တယ်……လေးတာပဲ” ဟူ၍ မိန့်တော်မူကာ အိပ်ခန်းတွင်းသို့ ၀င်သွားသည်။ ၀မ်းချူပြီးသွားသောအခါ ကိုယ်တိုင်ထ၍ ကုဋီခန်းသို့ ဆင်းသည်၊ ဘေးမှဝိုင်းဝန်း ကူညီ ဖေးမကြသည်ကို လက်မခံပေ၊ ဆရာတော်၏ အနေအထားမှာ မသက်သာသော အမူအရာများ ပေါ်နေသော်လည်း အသွားအလာမှာပုံမှန်၊ စကားပြောလည်း ပုံမှန်သာ ဖြစ်လေသည်။

……………………………………..
အားလုံး၏ ရင်ထဲတွင် အဓိပ္ပါယ်မဖော်နိုင်စွာ လေးလံနေကြသည်၊ ဖိစီးမှုတစ်ခုခုကို ခံစားနေရသည်ကဲ့သို့ရှိချေသည်။ “ဆရာဝန်ကြီး ရောက်လာပြီတဲ့” ၊ ငြိမ်သက် ငေးမှိုင်နေသူများ တက်ကြွ လှုပ်ရှားလာကြတော့သည်။ ဒေါက်တာဆိုနီသည် ရောက်လျှင်ရောက်ချင်း ရောဂါကို စမ်းသပ်ပြီး လိုအပ်သော ဆေးတို့ကို ထိုးနှံပေးသည်၊ အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်၍ ဒေါက်တာဆိုနီက- ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဆရာဝန်ကြီး စောမြအောင် ကိုထပ်မံအပင့်ခိုင်းလေသည်။ မကြာမီပင် ဆရာဝန်ကြီး စောမြအောင်ရောက်လာ၍ ဒေါက်တာဆိုနီနှင့်တိုင်ပင်ကြကာ ဆက်လက်ကုသကြသည်။ အချိန်ကား နေ့ခင်း ၁-နာရီခန့် ရှိသွားပေပြီ။

………………………………………….
စိုးရိမ်တကြီးဖြင့် သံဃာတော်များပါ အနီးသို့ ရောက်လာကြသည်။ မိုးကုတ်ဆရာတော်ကြီးမှာ ဝေဒနာ၏ ပြင်းစွာ နှိပ်စက်မှုကို ခံနေရလေသည်၊ ဘေးမှ ၀ိုင်းဝန်းကြည့်ရှုနေသော ရဟန်းသံဃာတော်များနှင့် ဒကာ ဒကာမ များမှာ မျက်နှာလေးများ ငယ်ငယ်ဖြင့် နွမ်းနေကြသည်။ ဆရာတော်ကြီးသည် ဝေဒနာကြားမှ ခေတ္တရုန်းထွက်ပြီး အနီးရှိ ပရိတ်သတ်အား-“ခန္ဓာရတဲ့သူတိုင်း ခံစားရတဲ့ဝေဒနာကို ကြည့်ထားလိုက်ကြ” ဟူ၍ မိန့်တော်မူကာ အနီး၌ရှိသော ဦးသစ်အား “တရားဟောဖို့ ပြင်ဆင်ပြီးပြီလား” ဟု မေးတော်မူလိုက်ရာ အားလုံးရင်ထဲ နင့်ခနဲ ဖြစ်သွားကြသည်။

……………………………………………
အချိန်သည် တစ်ချက်ချက်နှင့် စက္ကန့်တိုင်း တရွေ့ရွေ့ ပြောင်းလွဲနေပေသည်။ ဆရာတော်ဘုရားကြီး၏ အခြေအနေမှာ မသေချာမရေရာတော့ချေ။ ကြပ်ကြပ်မတ်မတ်ကုသပေးနေသည့်ကြားက ဝေဒနာတို့မှာ တိုး၍သာနေသည်။ ထို့ကြောင့် ဆရာဝန်ကြီး နှစ်ယောက်၏ ဆန္ဒမှာ မည်သူ့ကိုမျှ ဆရာတော့်အခန်းထဲသို့ ထပ်မံပေးမ၀င်လိုတော့ပေ။ အချိန်တွေကြာလေ အားလုံးရင်မှာ ပူလောင်လာလေဖြစ်သော်လည်း၊ ဆရာတော်ကြီးကား ယခုမှပင် ပို၍ တည်ငြိမ်လာသည်ကဲ့သို့ ရှိသည်။ ဤသို့ရှိစဉ် ဦးချစ်ဆွေနှင့်ဒေါ်မမတို့မှာ ဆရာတော်ကြီးအား ကန်တော့လိုသဖြင့် လူအုပ်ထဲတိုးဝင်ပြီး အနားသို့ရောက်လာကြရာ- “မောင်ချစ်ဆွေ……..ဒီတစ်ခါတော့ မရတော့ဘူးကွ၊ ဟဲ့…..မမ ကြည့်ထား၊ ခန္ဓာရတဲ့သူတိုင်း ဒီလိုပဲ ဝေဒနာတွေနဲ့ တွေ့ရမယ်” စသည်ဖြင့် မိန့်တော်မူကာ၊ အနီးတွင် ၀ိုင်းအုံ ကန်တော့နေကြသော ရဟန်း သံဃာတော်များနှင့် ဒကာဒကာမ များအား- “ခန္ဓာရှိတဲ့သူတိုင်း ခံစားရမည့် ဝေဒနာတွေကို ကျော်လွန်အောင် (ဝေဒနာဖြစ်ပျက်တို့ရဲ့ အဆုံးကို တွေ့အောင်) ရှုကြ၊ မမေ့မလျော့ နေရစ်ကြ……” ဟူ၍ နောက်ဆုံးအနေဖြင့် သြ၀ါဒပေးတော်မူသည်။ ထို့နောက် လက်ယာဘက် နံတောင်းဖြင့် စောင်းလျက် သီတင်းသုံးတော်မူပြီးလျှင် တရားနှလုံးသွင်းတော်မူနေသည်၊ ပရိတ်သတ်လည်း လက်အုပ်များ ကိုယ်စီချီပြီး ငြိမ်ကျသွားသည်။ မကြာမီပင် ဆရာတော်ဘုရား၏ ထွက်သက်ဝင်သက်တို့သည် တဖြည်းဖြည်းနှင့် နူးညံ့သိမ်မွေ့သွားကြသည်၊ ခန္ဓာကိုယ်လှုပ်ရှားမှုလည်း ညင်သာသွားသည်။ ဤသို့လျှင် တဖြည်းဖြည်း တရွေ့ရွေ့နှင့် နူးညံ့သိမ်မွေ့သွားကြရာမှ နောက်ဆုံးတွင် လုံးဝလှုပ်ရှားမှုမရှိတော့ဘဲ အပြီးတိုင် ငြိမ်သက်ငြိမ်းအေးသွားတော်မူသည်။
………………………….
ကောဇာသက္ကရာဇ် ၁၃၂၄-ခု၊ သီတင်းကျွတ်လပြည့်ကျော် ၄-ရက် (ခရစ် ၁၉၆၂-ခု၊ အောက်တိုဘာလ ၁၇-ရက်) ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ ၁-နာရီ၊ မိနစ် ၂၀

No responses yet

Apr 28 2009

မိုးကုတ်ဆရာတော်ဘုရားကြီး-၂၁

ရုပ်နာမ်နှစ်ပါးနှင့် လမ်းခွဲသည့်နေ့ (နံနက်ပိုင်း အခြေအနေ)

နံနက်စောစော ၅-နာရီအချိန်။ မိုးကုတ်ဆရာတော်ကြီးသည် ထေရာသန စံကျောင်းတော်ပေါ်တွင် ကျောင်းအမဒေါ်တင်လှလာရောက်ကပ်လှူသော ကွေကာအုပ်ကို အေးအေးလူလူ ဘုဉ်းပေးနေသည်။ ယနေ့နံနက်တွင် မင်္ဂလာတိုက်ဟောင်း၌ သံဃာတော် အပါး(၂၀၀)ကျော် ဆွမ်းကပ်ပွဲရှိရာ၊ ဆရာတော်ကြီးလည်း ဧည့်ခံရန်ကိစ္စရှိသဖြင့် ကွေကာအုပ် ဘုဉ်းပေးပြီးသည်နှင့် မင်္ဂလာတိုက်ဟောင်းဘက်ဆီသို့ ကြိုကြိုတင်တင် ကြွသွားတော်မူသည်။ နံနက် ၆-နာရီအချိန်တွင် ကျောင်းကြီးပေါ်၌ နယ်ပေါင်းစုံ ကျောင်းပေါင်းစုံမှ ကြွလာကြသော သံဃာတော်များအား ဆွမ်းဘောဇဉ်များ ဆက်ကပ်ကြလေသည်။ ဆရာတော်ကြီးသည် ဆွမ်းဝိုင်းများကို လှည့်ပတ်ကြည့်ရှု ကြည်ညိုနေရင်း၊ ဟင်းနည်းနေသော ဆွမ်းပွဲကိုမြင်သဖြင့် ကိုယ်တိုင်ပင် ဟင်းလိုက်ပေးတော်မူသည်။ ရင်းနှီးသော ဆရာတော်များ၊ လေးစားကြည်ညိုသောဆရာတော်များပွဲသို့သွားပြီး နှုတ်ဆက်ဧည့်ခံတော်မူနေရာမှ- အောင်ခြင်းရှစ်ပါးကျောင်းတိုက် ဆရာတော်ကြီး ဦးနာဂ၀ံသကို တွေ့လိုက်ရသောအခါတွင်ကား ထိုဝိုင်းဆီသို့ ချက်ချင်း လှမ်းသွားတော့သည်။ ပြီးနောက် ၀င်ထိုင်ပြီး ဆရာတော်ကြီးများနှင့် အလ္လာပ သလ္လာပ စကားများ ပြောနေတော်မူသည်။ ဆရာတော်ကြီး ဦးနာဂ၀ံသသည် ဘုဉ်းပေးပြီးသောအခါ လက်ဖက်ရည်အချိုပွဲမှ ထရန်ပြင်သည်။ သို့ရှိစဉ် မိုးကုတ်ဆရာတော်ကြီး ဦးဝိမလက ငယ်စဉ်မှစ၍ တစ်ဘ၀လုံး ဆုံးမသွန်သင်လာခဲ့သော အောင်ခြင်းရှစ်ပါး ဆရာတော်ဘုရားကြီး၏ ခြေဖမိုးကို နဖူးဖြင့် တိုက်ပြီး ပျပ်ပျပ်ဝပ်ဝပ် ကန်တော့ကာ- “အရှင်ဘုရားကို အခုလို ကန်တော့ခြင်းဟာ တပည့်တော်အတွက် နောက်ဆုံးကန်တော့ခြင်း ဖြစ်ပါလိမ့်မယ် ဘုရား” ဟူ၍ လျှောက်တင်လေသည်။

……………………………………………………………

ခန္ဓာဝန်ကြီးကဖြင့် လေးလှပြီ (နေမြင့်ပိုင်းအခြေအနေ)

ဧည့်ခံမှုကိစ္စများပြီးစီးသည်နှင့် ဆရာတော်ကြီးလည်း ဦးလှဘူးကို ခေါ်၍ မင်္ဂလာမဂ္ဂင်ရိပ်သာဘက်သို့ ပြန်လာခဲ့သည်။ ရိပ်သာထဲသို့ ၀င်ခါနီးတွင် “ငါ့ခန္ဓာဝန်ထုပ်ကြီးကဖြင့် လေးလှပြီ”ဟူ၍ ညည်းတွားတော်မူသည်။ ဦးလှဘူးခမျာ ဆရာတော်ကြီး၏ ညည်းတွားမှုကို မသိရှာ၍ အကြောင်းကို မေးလျှောက်ရာ-ဆရာတော်က “မင်း တယ်….အ-တဲ့ ကောင်ပဲ” ဆိုရုံမျှ မိန့်တော်မူပြီး ထေရာသနကျောင်းပေါ်သို့ တက်သွားတော့သည်။ ကျောင်းပေါ်ရောက်မှ ပြန်လှည့်ပြီး “မောင်လှဘူး၊ သွား- တင်လှ ခေါ်ချေစမ်း၊ ကော်ဖီလည်း တစ်ခါတည်း ဖျော်ခဲ့-လို့” ဟူ၍ မိန့်လေသည်။ ဒေါ်တင်လှသည် ယခုတစ်လောတွင် ဆရာတော်ကြီး၏ ကျန်းမာရေးနှင့်ပက်သက်၍ အမြဲ စိတ်ထင့်နေရာ၊ ယခုလည်း ဆရာတော်ကြီး ကော်ဖီဘုဉ်းပေးပြီး ရုပ်လက္ခဏာမှာ ညှိုးနွမ်းနေသည်ကို တွေ့ရသဖြင့်- “နေမကောင်းဘူးလား ဘုရား” ဟု မေးကြည့်ရာ ဧည့်ခံစဉ်က ဟင်းနံ့များကြောင့် ငြီးစီစီဖြစ်နေကြောင်းသာ အဖြေရလေသည်။ ထို့နောက် ဆရာတော်ကြီးက ကျောင်းအမ ဒေါ်တင်လှကို မေးသည်- “တင်လှ နင်အိပ်မက်များ ဘာထူးထူးထွေထွေ မက်သလဲ”။ မမေးစဖူး မေးခွန်းမျိုးကို မေးတော်မူနေပါသည်။ ဒေါ်တင်လှကလည်း ကောက်ကာငင်ကာ မက်သည့်အတိုင်း လျှောက်လိုက်သည်- “ဒီရိပ်သာထဲမှာ မြေပေါက်စေတီကြီးတစ်ဆူ ကြည်ညိုဖွယ်ရာ ဖူးတွေ့ရတယ်ဘုရား၊ စေတီတော်ကြီးအခြေမှာ ဆရာတော် တရားအားထုတ်နေတာလည်း တွေ့ရတယ်ဘုရား၊ နောက်တော့ ဒီစေတီကြီးရဲ့ အထက်နားဖောင်းရစ်က တဖြည်းဖြည်း အက်-အက်လာပြီး မီးခိုးအဖြူတွေ ထွက်လာတယ်ဘုရား၊ အဲ့ဒီ့မီးခိုးတွေဟာ များ-များလာပြီး စေတီကြီးက ဆရာတော့်အပေါ် ပြိုကျသွားပါတယ်၊ ဒါပေမယ့်ဆရာတော့်ကို ဘာမျှ မထိခိုက်ဘဲ စောစောက ပုံအတိုင်း ထိုင်လျက်သား တရားအားထုတ်နေတာကိုပဲ တွေ့ရတယ်ဘုရား”။ ထိုအခါ ဆရာတော်က ပြုံးပြုံးကြီးနှင့်- “ဟ- တင်လှရ၊ နင့်အိပ်မက်က တယ်စင်းလှပါလား၊ ပုဗ္ဗနိမိတ်ဆိုတာ ဒီလိုပဲ ဖြစ်ပေါ်စမြဲ၊ ငါလိုခံနိုင်ရည်ရှိအောင် တရားကိုသာ နာနာအားထုတ်ကြ” ဟူ၍ မိန့်တော်မူလိုက်လေသည်။

ဆရာဝန်ပင့်ရတော့မည်လော

အစောပိုင်းက ဆရာတော်ကြီးအနားတွင် ယောဂီများ လာရောက်ပြီး တရားစကား နာယူနေကြရာ၊ “ကဲ သွားကြ သွားကြ၊ ကိုယ့်တရားကိုယ် အားထုတ်ကြ” ဟူ၍ ဖယ်ရှားတော်မူလိုက်သဖြင့် ဆရာတော်၏ အနီးတွင် ဦးကျော်သိန်းတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ ထိုအခါ ဆရာတော်က “မောင်ကျော်သိန်း……….မင်း ငါမရှိတဲ့နောက် တရားကို ဆက်လက်အားထုတ်ပါ၊ အရောင်းအ၀ယ်ကို လုံးဝမလုပ်ပါနဲ့တော့၊ စားလောက်ရုံတော့ ရှိကြတာပဲ”ဟု မိန့်သဖြင့် ဦးကျော်သိန်းလည်း ရန်ကုန်ကြွမည်လားဟူ၍ အရဲစွန့် လျှောက်လေသည်။ “ငါ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာ ငါ့ခန္ဓာက ပြောပါလိမ့်မယ်ကွာ၊ မင်း ငါပြောတာသာ နားထောင်၊ ငါအခု တယ် နေမကောင်းဘူး”၊ မိန့်ပြီးသည့်နောက် ဆရာတော်သည် ပက်လက်ကုလားထိုင်ပေါ်တွင် နောက်ကိုမှီ၍ မှေးနေတော့သည်။

No responses yet

Apr 27 2009

မိုးကုတ်ဆရာတော်ဘုရားကြီး-၂၀

ထူးခြားသော အဖြစ်အပျက်များ စတင်ခြင်း
မင်္ဂလာမဂ္ဂင်ရိပ်သာအတွင်းရှိ ဦးချစ်ဆွေ-ဒေါ်မမတို့ ဆောက်လှူထားသော ဓမ္မာရုံကြီးတောင်ဘက်တွင် မန်ကျည်းပင်ကြီး တစ်ပင် ကပ်လျက်ပေါက်ကာ တည်နေပါသည်။ ထိုမန်ကျည်းပင်ကြီးပေါ်တွင် စာကလေးပေါင်းမြောက်မြားစွာ ညစဉ် အိပ်တန်းတက်လေ့ရှိသည်။ မည်သူမျှ မပစ်မခတ်ရန် ဆရာတော် မိန့်ထားပြီး ဘေးမဲ့ပေးထားသော ငှက်ကလေးများဖြစ်သည်။ ၁၃၂၄-ခု၊ သီတင်းကျွတ်လဆန်း(၁၃)ရက် (၁၁၊၁၀၊၁၉၆၂) ကြာသပတေးနေ့ ညသန်းခေါင်ယံအချိန်တွင် ထူးကဲစွာ ဆူညံသော အသံကြီးမြည်ဟည်းလာပြီး ကောင်းကင်တစ်ခုလုံး ပြိုလဲသလို ဖြစ်လာသည်။ အိပ်တန်းဝင်နေကြသော စာကလေးများ လန့်ဖျပ်ပြီး တစ်ပြိုင်နက်တည်း ထပျံကုန်ကြသည်။ ထိုအချိန်မှစ၍ နောက်ရက်များတွင် အိပ်တန်းတက်ရန် မလာကြတော့ပေ။ ဖြစ်ပွားသွားသည်များကို သတိပြုမိသဖြင့် ဒကာဦးကျော်သိန်းက အပြင်ကို ထွက်ကြည့်ရာ- မန်ကျည်းပင်ကြီးပေါ်တွင် အလင်းရောင်ကြီးတစ်ခုကို ၂-မိနစ်ခန့်မျှ မြင်တွေ့ရလေသည်၊ အလင်းရောင်ကြီးမှာ နေ့အချိန်ကဲ့သို့ လင်းနေခြင်းဖြစ်သည်၊ ကြည့်ရင်း-ကြည့်ရင်းဖြင့် ကြက်သီးမွေးညင်းများ ဖြန်းဖြန်းထလာရသည်၊ ဦးကျော်သိန်းအဖို့ တုန်လှုပ်ချောက်ချားဖွယ်ကြီး ဖြစ်နေသည်။ အကြောင်းကိုတော့ စဉ်းစားနိုင်စွမ်းမရှိခဲ့ပေ။

………………………………………
၁၃၂၄-ခု သီတင်းကျွတ်လပြည့်ကျော်-၁ရက် (၁၄၊၁၀၊၁၉၆၂) တနင်္ဂနွေည ၁၂-နာရီခန့်ဖြစ်သည်။ ဒကာဦးလှဘူးမှာ ဆရာတော်၏ ကျိန်းစက်ရာ အခန်းပြင်ဘက်အ၀၌ အိပ်ပျော်နေလေသည်။ ထိုအချိန်တွင် ထေရာသနကျောင်းဆောင် ဆရာတော်ကျိန်းစက်ရာ အခန်းတွင်း အလင်းရောင်ကြီးတစ်ခု “၀င်း”ခနဲပေါ်လာလေသည်။ ဦးလှဘူးလည်း ဖျတ်ခနဲ နိုးလာတော့သည်။ ဦးကျော်သိန်း ပြန်ပြောပြသော မန်ကျည်းပင်ပေါ်က အလင်းရောင်ကြီးအကြောင်းက အတွေးထဲ ချက်ချင်းပေါ်လာသည်၊ ထို့ကြောင့် အခြေအနေကို အသာ အကဲခတ်နေလေသည်။ ဆရာတော်နှင့် တစ်စုံတစ်ဦး စကားပြောနေသံကို သဲ့သဲ့ကြားနေရရာ၊ ဦးလှဘူးရင်ထဲတွင် “မည်သူနှင့်များပြောနေပါလိမ့်”၊ “ဘယ်လိုပုဂ္ဂိုလ်များ ဒို့ဆရာတော်ကြီးထံ လာပါလိမ့်” စသည်ဖြင့် အတွေးများစွာဖြင့် ကျပ်တည်းနေလေသည်။

…………………………….
နောက်တစ်နေ့ညတွင် မိုးကုတ်ဆရာတော်ကြီးသည် “ရထားကြီးကထွက်တော့မယ်၊ မှီရုံပဲ ရှိတော့တယ်”ဟူသော တရားတော်ကို ဟောကြားတော်မူပါသည်။ တရားအသိမ်းတွင် ဆရာတော်ကြီးက “ရထားထွက်လုနီးပြီ ဆိုတာ ရိပ်မိကြပြီလား” ဟု ပရိယာယ်ဖြင့် မိန့်တော်မူလေသည်။ “သတိ ၀ီရိယနဲ့ အိပ်ကြ၊ နိုးနိုးကြားကြား အိပ်ကြ” ဟူ၍ ၀တ်ဖြည့်စဉ်က ဆရာတော်ကြီး မိန့်ထားသည်လည်းရှိ၊ မနေ့ညက အဖြစ်အပျက်များကလည်း နိုးဆော်ထားသည်များရှိရာ ဦးလှဘူးအဖို့ ဒီညတွင်လည်း တစ်ခုခုထူးအုံးမည်လားဟူ၍ မျှော်လင့်နေမိပေသည်။ မျှော်လင့်သည့်အတိုင်းပင် ည ၁၂-နာရီခန့်တွင် ဆရာတော့်အခန်းတွင်းဆီမှ ၀င်းထိန်နေသော အလင်းရောင်ကြီးကို တစ်ချက်မျှ မြင်လိုက်ရသည်။ များစွာသိချင်နေမိသည်ဖြစ်ရာ ဦးလှဘူးလည်း ဆရာတော်ကြီး၏ အိပ်ခန်းတံခါးကို ရုတ်တရက် ဆွဲဖွင့်ပြီး လှပ်ကြည့်လိုက်လေသည်။ မည်သူတစ်စုံတစ်ဦးမျှ မတွေ့ရဘဲ၊ အိပ်ခုတင်ပေါ်၌ ထိုင်လျက်နေသော ဆရာတော်ကြီးကိုသာ တွေ့ရသည်။ သို့ဖြစ်၍ ဦးလှဘူးလည်း “ဆရာတော်…..အခုတွင်က အလင်းရောင်ကြီး မြင်လိုက်ရတယ်၊ ဆရာတော့်အသံလည်း ကြားတယ်၊ ဘယ်သူနဲ့အမိန့်ရှိနေတာလဲဘုရား”ဟု အရဲစွန့် လျှောက်ထားကြည့်သည်။ “လှဘူးရာ…..မင်း အသိသားနဲ့” ဟူ၍သာမိန့်သည်၊ အခြား စကားမဆက်သဖြင့် ဦးလှဘူးလည်း နှုတ်ဆွံ့သွားတော့သည်။ မနက်ဖြန်နှင့် သန်ဘက်ခါတွင် အလှူရှိသဖြင့် အလှူရှင်များနှင့် ဝေယျာဝစ္စသမားများမှာ ရိပ်သာအတွင်း ကျောင်းတိုင်း၊ ဇရပ်တိုင်း၌ ပြည့်ညပ်နေပါသည်။ ယခုညတွင် ဆရာတော်၏ ကျောင်းခေါင်မိုးပေါ်သို့ အလင်းရောင်ကြီး ကျသွားသည်ရော၊ မကြာခင်ပင် အလင်းရောင်ကြီး ပျံတက်သွားသည်ပါ မအိပ်သေးသူများ သိလိုက်ရလေသည်။

…………………….
၁၃၂၄-ခု သီတင်းကျွတ် လပြည့်ကျော် ၃-ရက် (၁၆၊၁၀၊၁၉၆၂) အင်္ဂါနေ့-နေ့လည်တွင် ရှင်ပြုအလှူနှင့် ကထိန်အတွက် ကြိုတင်၍ ဟောပြောရေစက်ချပေးတော်မူလေသည်။ ပန်ကာလေကြောင့် ဆရာတော်ကြီးမှာ အအေးမိပြီး အခိုးငုပ်သွားတော့သည်။ အခိုးပွင့်ဆေးကပ်ပြီးနောက် ဒေါ်တင်လှက- “ဆရာတော်ဘုရား…..ပင်ပန်းလွန်းအားကြီးပါတယ်၊ ညပိုင်းမှာ တရားမဟောပါနဲ့တော့ဘုရား”ဟူ၍ လျှောက်ထားသော်လည်း ဆရာတော်ကြီးက လက်မခံဘဲ ဟောမြဲဟောလေသည်။ ညပိုင်းတွင် ဦးလှဘူး၊ ဦးကြည်၊ ဦးချစ်စိန်၊ ဦးတင်၊ ကိုတင်ငွေ တို့မှာ ဆရာတော်ကြီးအား ၀ိုင်းဝန်းချိုးနှိပ်၊ တံတောင်ဖြင့်ထောက်ကာ အကြောလျော့အောင် ဖြေပေးခြင်း စသော ၀တ်ဖြည့်ခြင်းအမှုကို ပြုနေကြလေသည်။ ၀တ်ဖြည့်ခံပြီးနောက် ဆရာတော်ကြီးက-“အေး….နက်ဖြန် နံနက် ၅-နာရီအချိန် မင်းတို့အားလုံးလာခဲ့ကြ၊ ကြားလား၊ တင်ငွေ…မင်းတို့လည်း အိမ်မှာ ဘာကိစ္စရှိရှိ၊ ဘယ်လောက်ပင်အရေးကြီးကြီး အားလုံးလာခဲ့ကြ၊ အလုပ်ကငွေဘယ်လောက်ပဲ ရမှာဖြစ်ဖြစ်မသွားကြနဲ့၊ အကြောင်းရှိတယ်”ဟု ထူးထူးခြားခြား မိန့်တော်မူပါသည်။ ယခုအတောအတွင်းတွင် ညပိုင်းသို့ရောက်လာလေတိုင်း အားလုံးရင်ထဲ၌ ပဟေဠိဆန်သော အလင်းရောင်ကြီးနှင့်စပ်လျဉ်း၍ အထူးသဖြင့် သိချင်နေမိ၊ တွေ့ရန် စိတ်စောနေမိကြသည်။ တစ်ဦးကတွေ့လျှင် တစ်ဦးကို အသိပေးစတမ်းဟု ညှိနှိုင်းထားကြသည်။ နှစ်ရက်ဆက်တိုက် ကျရောက်ခဲ့သော အလင်းရောင်ကြီးသည် ယခုညတွင်လည် ပုံမှန်အတိုင်း ၁၂-နာရီခန့်တွင်ပင် ဆရာတော့်ကျောင်းပေါ်သို့ ဆိုက်လာလေသည်။ သတိဖြင့်စောင့်နေသော ဦးလှဘူးလည်း ယခင်ကဲ့သို့ပင် တံခါးကို ဆွဲဖွင့်ပြီး လျှောက်ထားမေးမြန်းရာ “လှဘူးရာ………မင်းကလည်း သိသားနဲ့ ထပ်ထပ် မေးနေပြန်တယ်”ဟူသော အဖြေမျှသာ ရရှိသဖြင့် ပဟေဠိဆန်သော အလင်းရောင်ကြီးနှင့် စကားပြောသံသဲ့သဲ့တို့မှာ ပဟေဠိဆန်စွာပင် သမိုင်းအဖြစ် ကျန်ရစ်ခဲ့ရတော့သည်။

No responses yet

Next »